ရန်ကင်း ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ရန်ကင်းပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် ဆရာများက ပြုစုပျိုးထောင်ကြရမှာဖြစ်ကြောင်း၊ ဆရာကောင်းများကသာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိသော အနာဂတ် မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ အမျိုးဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်တတ်သော စိတ်ဓာတ်နှင့် အကျင့်စာရိတ္တမြင့်မားကောင်းမွန်တဲ့ အနာဂတ်သားကောင်းရတနာများကို မွေးထုတ်ပေးနိုင်သည့် ဆရာ/မများ အဖြစ် ဂုဏ်ယူလိုပါကြောင်းနှင့် နိုင်ငံတော်မှလည်း သင်တန်းတွေဖွင့်လှစ်ပြီး ဆရာအင်အားများကိုလည်း ဖြည့်တင်းပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက ရန်ကင်းပညာရေး ဒီဂရီကောလိပ်မှ ဆရာ/မများနှင့် သင်တန်းသား/သူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ ရန်ကင်းပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးက လက်ခံရယူခဲ့ပြီး ရွေးချယ်ခံထားရသော မောင်နှင့်မယ်အား စလွယ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ ပေးအပ်ချီးမြှင့်ကာ ကျောင်းသား၊ ကျောင်းသူများမှ အကအလှ၊ တေးသံသာများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းမင်းလတ်၊ ဆရာ/မများ၊ ကျောင်းသား/သူများ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)