ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၆)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

လားရှိုး    စက်တင်ဘာ   ၂၂

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ် များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးလျက် ရှိသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  (၂၇)ဦး၊ အမျိုးသမီး(၁၉)ဦး စုစုပေါင်း (၄၆)ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ နေရပ်ပြန် ပြည်သူ(၄၆)ဦးတို့တွင် ချင်းပြည်နယ်မှ (၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၀)ဦး၊  ပဲခူး တိုင်းဒေသကြီးမှ (၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦး၊   ရခိုင်ပြည်နယ်မှ (၂၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၄)ဦး တို့ဖြစ်ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ(၆)ရက်နေ့မှ  စက်တင်ဘာလ (၂၂)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား (၁၀၁၉၅)ဦး၊ အမျိုးသမီး (၆၄၀၃)ဦး၊ စုစုပေါင်း (၁၆၅၉၈)ဦး တို့ကို စနစ်တကျလွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

နန်းသန္တာဦး (ပြည်နယ်၊ ပြန်/ဆက်)