ဟိုပုံး ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ယာဉ်မတော်တဆတိုက်ခိုက်မှုများကြောင့် ယာဉ်စီးနင်းသူများထိခိုက်မှုအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မော်တော်ယာဉ်မောင်းနှင်သူနှင့်လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို သက်ဆိုင်တာဝန်ရှိသူများယနေ့နံနက် ၈ နာရီ ခွဲအချိန်က ဟိုပုံး-ဆီဆိုင်သွားလမ်း မြို့အဝင်ဂိတ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ဟိုပုံး-ဆီဆိုင် လမ်းမကြီးပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်များကို ရပ်တန့်စစ်ဆေး၍ ယာဉ်များတွင်ပါရှိသည့် အသက် ကယ်ထိုင်ခုံခါးပတ်များပြည့်စုံစွာ တပ်ဆင်ပါရှိခြင်း ရှိ/ မရှိစစ်ဆေး၍ ခရီးသည်များအနေဖြင့် ထိုင်ခုံ ခါးပတ်တပ်ဆင်ခြင်း အလေ့အကျင့်ကို စွဲမြဲစွာကျင့်သုံးလိုက်နာကြရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးမှုကို နံနက် ၈နာရီမှ နံနက် ၁၀ နာရီခွဲအထိဆောင်ရွက်ခဲ့ကြောင်းနှင့် အသက်ကယ်ထိုင်ခုံခါးပတ်မပတ်ဘဲ ယာဉ်မောင်းနှင်သူများနှင့် ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ ယာဉ်မောင်းနှင်သူများကို အပတ်စဉ်သက်ဆိုင်ရာပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေး၍ အရေးယူဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)