ပင်းတယ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ခရိုင်အလိုက် အသက် ၂၅ နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ပထမတံခွန်စိုက်ဒိုင်းရ ဓနုဒေသပြေးခုန်ပစ် အားကစားသမားများနှင့် နည်းပြတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဓနုဒေသပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် အထူးသဖြင့် နိုင်ငံတော်မှ လူငယ်လူရွယ်များကို ဘက်စုံထောင့်စုံမှ အရည်အသွေးမြင့်တင်ရန် အလေးထားဆောင် ရွက်ပေးလျက်ရှိပြီး၊ နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အသွေးပြည့်ဝမှု၊ စိတ်ဓာတ်ရေးရာမြင့်မားမှုနှင့်စည်းကမ်းလိုက်နာမှု စသည်တို့ကို အားကစားပြုလုပ်ပေးခြင်းဖြင့် ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊ နောက်လာမည့် အားကစားပြိုင်ပွဲများတွင်လည်း ပိုမိုအောင်မြင်စွာ ဆောင်ကျဉ်းနိုင်၍ရှမ်းပြည်နယ်ကိုယ်စားပြုရွေးချယ်ခံရပြီး ၎င်းမှတစ်ဆင့် နိုင်ငံလက်ရွေးစင် အားကစားသမားဖြစ်သည်အထိ ဝိုင်းဝန်းကြိုး ပန်းကျရန်စသည်တို့ကို ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားပေးကာ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဆုရအားကစားသမားများနှင့်နည်းပြ၊ ပြည်နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင်ပထမဆုရ မောင်ဥက္ကာကျော်တို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဆုရာဘောလုံးသမားများကိုယ်စား အားကစားသမားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါအားကစားပြိုင်ပွဲအား ၁၀-၁၂-၂၀၂၂ ရက်နေ့မှ ၁၂-၁၂-၂၀၂၂ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၎င်း အားကစားပြိုင်ပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြေးခုန်ပစ် အသင်းမှ ကျား(ပထမ)ဆု၊မ (ပထမ)ဆု၊ တံခွန်စိုက်ဒိုင်း (ပထမ)ဆုနှင့်ရွှေ ၁၃ ခု၊ ငွေ ၇ ခု၊ကြေး ၈ ခု ရရှိခဲ့ကြောင်းနှင့် အသင်းအုပ်ချုပ်သူနည်းပြ ၅ ဦးတို့မှ ဦးဆောင်၍ ကျား ၉ ဦး၊ မ ၉ ဦး တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်မိုးမောင်ထံမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)