နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းတွင် တိုက်ပွဲရှောင်ပြည်သူများရောက်ရှိမှု အခြေအနေတွေ့ဆုံမေးမြန်း

နမ့်ဆန် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာ ဇယန်းကြီး ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသောတိုက်ပွဲရှောင်ပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအခြေအနေများကို ယမန်နေ့နံနက်ပိုင်းအချိန်တွင် နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းမှ သက်ဆိုင်ရာ မြို့မိမြို့ဖအား သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့မေးမြန်းရာတွင် တိုက်ပွဲရှောင် မိသားစုဝင်များနေရာချထားရေး ကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင် ဦးစောလွင်အားမေးမြန်းရာတွင် “ဖြစ်စဉ်ကတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့ ညနေ(၅)နာရီ အချိန်ခန့်တွင် နမ့်ဆန်တပ်စခန်းကနေ အင်အားပြင်းထန်တဲ့ “ဝုန်း” ဆိုတဲ့ အသံကြားရပြီး အနောက်ဖက်ခြမ်းကို လက်နက်ကြီးပစ်လိုက်တာကိုသိရတယ်၊ ဆက်တိုက်ပါဘဲ တစ်လုံးပြီးတစ်လုံး ပစ်လိုက်တာ တစ်မြို့လုံး တုန်လှုပ်သွားတာပါဘဲ၊ အဲဒီညမှာဘဲ ကျေးရွာကနေ တက်လာချင်တယ် လာကြိုပေးပါဆိုတဲ့ခေါ်သံတွေ ကိုကြားရတော့ ဒီဇင်ဘာ(၈)ရက်နေ့ မနက်မှာ ချက်ချင်းဆိုသလို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖလူမှုကူညီရေးအဖွဲ့တွေပါဝင်တဲ့ “တိုက်ပွဲ ရှောင်မိသားစုဝင်များ နေရာချထားရေး ကူညီစောင့်ရှောက်မှု ဦးစီးကော်မတီ”ဖြစ်တဲ့ ဆရာတော် သံဃာတော်များကို နာယကထားပြီး ဦးစီးကော်မတီ (၁၂)ဦးဖွဲ့စည်းထားရှိပြီး ကြိုဆိုနေရာချထားရေးအဖွဲ့၊ အလှူငွေရှာဖွေရေးအဖွဲ့၊ အလှူငွေလက်ခံမှုအဖွဲ့၊ ချက်ပြုတ်ရေးအဖွဲ့၊ ကျန်းမားရေးစောင့် ရှောက်ရေးအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့စသည်ဖြင့်ဖွဲ့စည်းခဲ့ကြပြီး၊ဒီဇင်ဘာ (၈)ရက်နေ့ ညနေပိုင်း အချိန်ကစပြီး ပိန်းလုံ၊ တာလက်၊ မန်လုံ၊ ဟူးမန်း၊ ကုန်းသာရွာများကနေ တိုက်ပွဲ ရှောင်ပြည်သူများ ရောက်ရှိလာပြီး ဒီဇင်ဘာ(၈)ရက်မှ (၁၃)ရက်ထိ တိုက်ပွဲရှောင်ဦးရေ (၁၃၈၈) ဦး၊ အိမ်ထောင် စု(၃၉၆)စုရှိပြီး၊ တိုက်ပွဲရှောင်မိသားစုဝင်များအားလုံးကို နမ့်ဆန်မြို့နယ်၊ ဇယန်း ကြီး  ဘုန်းတော်ကြီးကျောင်းတွင် တစ်စုတစ်စည်းတည်းထားရှိကြောင်း သိရသည်။

တိုက်ပွဲရှောင်ပြည်သူများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စောင့်ရှောက်ကူညီပေးပြီး၊ တိုက်ပွဲရှောင်ပြည်သူများကို အဘက်ဘက်မှ အလှူရှင်များ၏ ဆန်၊ ဆီ၊ ဆားနှင့်အလှူငွေများ လှူဒါန်းပေးလျက်ရှိရာ စုစုပေါင်းငွေ ကျပ်သိန်း(၅၀၀)ခန့်ရရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်