တာချီလိတ် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ တွင် ကုန်စည်ပို့ဆောင်ဖြတ်သန်းကြသော မော်တော်ယာဉ်စီးရေအား ကန့်သတ်လျှော့ချထားသည့် အတွက် မြို့ပေါ်၌ ကုန်ဈေးနှုန်း ကြီးမြင့်မှုမဖြစ်စေရန် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန် က ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ဦးဆောင်သော စည်ပင်သာယာရေးဝန်ထမ်းများ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ရှမ်းရိုးမကွင်းရှိ (ယာယီ)သား/ငါးဈေးနှင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းများရောင်းချသောဈေးတွင် ကုန်ဈေးနှုန်းကို ပုံမှန်အတိုင်း ရောင်းချကြရန်နှင့် ဈေးနှုန်း မြင့်တင် ရောင်းချမှုမရှိစေရန် လိုက်လံကြပ်မတ် ဆောင်ရွက်ခဲ့ကြသည်။
စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ၏ ကုန်သွယ်မှုနှင့် ကုန်စည်များ ဖြတ်သန်း သယ်ယူကြသည့် ချစ်ကြည်ရေးတံတားအမှတ် ၂တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကုန်စည်များဖြတ်သန်းသယ်ယူသည့် မော်တော်ယာဉ်များကို နေ့စဉ် ၆ စီး အထိသာဖြတ်သန်းသယ်ယူရန် ကတ်သန့်လျှော့ချခဲ့သည့်အတွက် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုမရှိစေရန် ယခုကဲ့သို့ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် မြို့တွင်းရှိကုန်စုံဆိုင်များသို့ သွားရောက်ပြီး ကုန်ဈေးနှုန်း မြင့်တင် ရောင်းချမှုမရှိစေရန် လိုက်လံကြပ်မတ်ဆောင်ရွက်မှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)