မိုင်းယုမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း” ကျင်းပပြုလုပ်

မိုင်းယု ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက လူငယ်နှင့်စာရိတ္တနှင့် မျိုးချစ်စိတ်ဓာတ်၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ဗလငါးတန်ဖွံ့ဖြိုးရေး၊ ဆရာမများမှ လူငယ်နှင့် ခေါင်းဆောင်မှုစွမ်းရည်၊ လူငယ်နှင့် အားကစား၊ အဋ္ဌမတန်းကျောင်းသူ မဝင့်နဒီမောင်က လူငယ်ပညာရေးနှင့် အားကစား၊ ဆဋ္ဌမတန်းကျောင်းသား မောင်ဇေယျာလင်းက လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးပြောကြားကြသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတပိုမိုရရှိစေရေး၊ စာဖတ်ရှု လေ့လာလိုသည့် အလေ့အကျင့်များ တိုးပွားလာစေရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလတို့နှင့် ပြည့်စုံကာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်များ အများပြည်သူ အကြား ဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများဖြစ်ပေါ်စေရေးစသည့်ရည်ရွယ်ချက်တို့ဖြင့် အဆိုပါ စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် စကားဝိုင်းသို့တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို  ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ ပြသပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်