မိုးနဲမြို့နယ်၌ ‌မိုးသီးနှံ ပြောင်းစိုက်ခင်းများ ရိတ်သိမ်းလျက်ရှိ

မိုးနဲ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ‌ပြောင်းစိုက်ခင်းများကို ရိတ်သိမ်းလျက်ရှိရာ နောင်ကျော့ရပ်ကွက်နေ ဦးစိုင်းပီး၏ လယ်ထဲတွင်လည်း ပြောင်းများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

လယ်ထဲတွင် ပြောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းနှမ်း၊ ပဲပုတ်၊ မုန့်ညှင်းနှင့် ပဲတီစိမ်းတို့ကို ရာသီလိုက်ထွန်ယက်စိုက်ပျိုးလျက်ရှိရာ ဦးစိုင်းပီး၏ လယ်ထဲတွင် ပြောင်းများကို မိုးရာသီကာလ ဩဂုတ်လတွင် စိုက်ပျိုးထားရာ ယမန်နေ့မှစ၍ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ ပြောင်းစိုက်ပျိုးရာတွင် သဘာဝမြေဩဇာနွားချေးအပြင် ပေါင်းသက်ဆေးနှင့် အပင်အားတိုးဆေး ကိုပါ အသုံးပြုထားပေးကြောင်း၊ ရိတ်သိမ်းချိန်တွင် နေ့စားတစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် (၈) ဦးကို ငှားရမ်းရိတ်သိမ်းရပြီး အထမ်းသမား တစ်ဦးကို ကျပ် ၁၂၀၀၀ ဖြင့် ငှားရမ်းထားကြောင်း၊ ယခု စိုက်ပျိုးထားသည့် ပြောင်းတစ်ခင်းကို အငှား (၉) ဦးဖြင့် (၃) ရက်တာ ရိတ်သိမ်းသွားရမည်ဖြစ်ကြောင်း၊  ရိတ်သိမ်းပြီး နောက်ရက်တွင် တစ်ခါတည်း  ချွေစက်ဖြင့်‌ ချွေကြောင်း၊ ယခင်နှစ်တွင် ခွဲ (၄၀၀) ထွက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းအနေဖြင့် ခွဲ (၂၀၀) ခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ယခင်နှစ်ထက် အထွက်နှုန်းနည်းသော်လည်း ရောင်းချရာတွင် ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း ဦးစိုင်းပီးထံမှ သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)