မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေး  လူငယ်စကားဝိုင်းကျင်းပ

မိုးနဲ ဒီဇင်ဘာ ၁၆

လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ မိုးနဲမြို့ အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမနေရာ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကိုကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ဉာဏ်ပညာ ၊ဗဟုသုတပိုမိုတိုးပွားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ မိမိဘဝဖွံ့ဖြိုး တိုးတက်အောင်ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာရန်၊ လူငယ်အချင်းချင်း ရင်းနှီးကျွမ်းဝင်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း Grade -11 မှ ကျောင်းသား ၊ ကျောင်းသူများဖြစ်ကြသော မနန်းစိန်ညွန့်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မောင်ငွေလင်းထက်က လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း ၊မငွေနှင်းဖြူက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့လည်းကောင်း၊ မောင်ရဲမြတ်အောင်က  လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသော ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြခဲ့ကြသော ကျောင်းသား ၊ကျောင်းသူလေးများက ပြန်လည်ဖြေကြားပေးခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)