ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ် ၂ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) မှ မိုးပန်းမွန် (ရာမည) ၏ “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” လူငယ်တို့အတွက် အတွေးစာစုများစာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ အဖွဲ့ဝင် ဒေါ်မို့မို့စံက “အနုပညာနှင့်လူ့တန်ဖိုး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခိုင်ချစ်ဆုဝေက “အလှဆုံးဖြစ်ချင်သလား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖူမာန်ချီက “လူငယ်များသိသင့်သော မိသားစု၏ အဓိပ္ပာယ်” ခေါင်းစဉ် ဖြင့်လည်းကောင်း မိုးပန်းမွန် (ရာမည) ၏ “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” လူငယ်တို့ အတွက် အတွေးစာစုများစာအုပ်ကို ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို ရှင်းလင်းဆွေးနွေးကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များနှင့်အတူ Grade-၈ ကျောင်းသားကျောင်းသူများကလည်း အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)