မိုင်းခုတ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မိုင်းဆတ်မြို့နယ်၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်မှ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအသိပညာပေးဟောပြောပွဲတွင် အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူးလှဘုန်းက လုပ်ငန်းကဏ္ဍကြီး(၄)ရပ်၊ လူကုန်ကူးမှု အင်္ဂါရပ်(၃)ရပ်၊ လူကုန်ကူး/လူမှောင်ခိုအဓိပ္ပါယ်၊ ကွဲပြားခြားနားချက်၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူ ပွဲစားများစည်းရုံးလေ့ရှိသည့် အလေ့အထများ၊ ပြည်တွင်းလူကုန်ကူးမှု၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ လူကုန်ကူးခံခဲ့ရပြီး ဖော်ထုတ်ခဲ့သည့် မှုခင်းဖြစ်စဉ်များအား ရှင်းလင်းဟောပြောပြီး လူကုန်ကူးမှုနှင့်ပတ်သက်သည့် ''ပုခက်လွှဲခွင့် မရသောလက်၊ တိတ်ဆိတ်ခြင်း၏နောက်ကွယ်'' ပညာပေး Video Clip များ ပြသခဲ့ကြောင်း သိရသည်။
ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော မြို့အုပ်ချုပ်ရေးမှူး ဉီးလှိုင်ကျော်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူး/လူမှောင်ခို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)