မြင်းခြံ ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များရှိ ဝန်ထမ်းများ မိုဘိုင်းဖုန်းဖြင့် သတင်းရိုက်ကူးတည်းဖြတ်ရာတွင် ပိုမိုကောင်းမွန်စေရန်အတွက် စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
“ကျွန်မတို့ ခရိုင်အတွင်း မြို့နယ်များမှာရှိတဲ့ သတင်းဓာတ်ပုံသမားများအပြင် စာကြည့်တိုက် ပိုင်းများတွင် တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများအတွက်ပါ ဗီဒီယိုရိုက်ကူးတင်ဆက် ရာတွင် ပိုမိုကောင်မွန်တဲ့ အရည်အသွေးဖြင့် ဖန်တီးထုတ်လုပ်နိုင်ရန်အတွက် အခုလို စွမ်းရည်မြှင့်သင်တန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း” ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။
“ယနေ့ သင်တန်းမှာတော့ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ရာတွင် ရုပ်ကဒ်များအပြင် အသံစနစ်ပိုင်းတွေပါ ပိုမိုကောင်းမွန်စေရန်အတွက် ရိုက်ကူးချိန်တွင် သတိပြုရမည့်အချက်တွေ တည်းဖြတ်ရာတွင်လည်း လိုက်နာရမည့်အချက်တွေအပြင် မိမိတို့ ရိုက်ကူးထုတ်လွှင့်မည့် ဗီဒီယိုသည် ကြည့်ရှုချင်သဖွယ် နားထောင်ချင်သဖွယ်ဖြစ်အောင် လုပ်ဆောင်ကြဖို့ ယခုလို သင်တန်းပေးရခြင်းဖြစ်ကြောင်း” သင်တန်းဆရာ ဦးကျော်စွာဟိန်းက ပြောသည်။
အဆိုပါ မိုဘိုင်းဖုန်းဖြင့် သတင်းရိုက်ကူးတည်းဖြတ်နည်း စွမ်းရည်မြှင့်သင်တန်းကို မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များမှ စုစုပေါင်းဝန်ထမ်း (၁၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)