ငါန်းဇွန် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးဆိုင်ကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က တမာပင် ကျေးရွာအုပ်စု ညောင်ချင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးအောင်ကျော်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချပြရှင်းလင်းခြင်း၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် အကြမ်းဖက်ဖြစ်စဉ်များအား ချပြရှင်းလင်းခြင်း၊ ယာဉ်စည်းကမ်း လမ်း စည်းကမ်းဆိုင်ရာ ပညာပေးဟောပြောခြင်း၊ PR အချိုးကျကိုယ်စားပြုခြင်းစနစ်နှင့် ပတ်သက်၍ ရှင်းပြောကြားပြီး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ အဆိုပါမေးမြန်းမှုများအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရဲမှူးအောင်ကျော်ဦးမှ ဒေသခံပြည်သူများ အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask နှင့် Hand Gel များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)