မိုင်းပျဉ်းမြို့၌ မဲခေါင်−လျန်ချန်းဒေသအထူးရန်ပုံငွေဖြင့် ဆောက်လုပ်သော မြို့နယ်သိုလှောင်ရုံနှင့် အသိပညာပေးစင်တာဖွင့်ပွဲကျင်းပ

မိုင်းပျဉ်း   ဒီဇင်ဘာလ   ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မဲခေါင်−လျန်ချန်းဒေသ အထူးရန်ပုံငွေဖြင့် ဆောက်လုပ်သော မြို့နယ်သိုလှောင်ရုံနှင့် အသိပညာပေးစင်တာဖွင့်ပွဲအခမ်းအနားကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးရှိ မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ၌ ယမန်နေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ပထမပိုင်းအစီအစဉ်အရ  မြို့နယ်သိုလှောင်ရုံနှင့် အသိပညာပေးစင်တာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာကျော်ထွန်း၊ ပြည်နယ်သယံဇာတ ဝန်ကြီး ဦးစိုင်းလိတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ကဗ္ဗည်းမှတ်တမ်း(ကြေးပြား)အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ Second Generation ဆောက်လုပ်ရေးကုမ္ပဏီမှဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထံသို့ မိုင်းပျဉ်းမြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာဆိုင်ရာ အချက်အလက်များ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် မိုင်းပျဉ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်မှ မိဘပြည်သူများကိုယ်စားကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပြီး၊ အခမ်းအနားအပြီးတွင် မှတ်တမ်းတင်ဓာတ်ပုံများ စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့နယ်သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး