တောင်ကုတ် ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ်အဖြစ် တောင်ကုတ်ကမ်းနားလမ်း (We Love Taunggoke) အဆင့်မြှင့်တင်ခြင်းနှင့် အသည်းပုံ သင်္ကေတဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲက အဆိုပါနေရာ၌ ကျင်းပခဲ့သည်။
အသည်းပုံသင်္ကေတရုပ်ပုံကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုး၊ မြို့မိမြို့ဖ ဦးကျောက်တောင်နှင့် ဦးမောင်ပုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
တောင်ကုတ်မြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်များနှင့်ညီညွတ်မှုရှိစေရန်အတွက် မြေယာရှုခင်းအလှများဆောင်ရွက်ခြင်းအပြင် အများပြည်သူအပန်းဖြေအနားယူနိုင်ရန်အတွက် တောင်ကုတ် ကမ်းနားလမ်း (We Love Taunggoke) အဆင့်မြှင့်တင်ခြင်းနှင့် အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန် အသည်းပုံ သင်္ကေတ တည်ဆောက်ခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၏ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးမောင်စိန်ထံမှသိရသည်။
တောင်ကုတ်ကမ်းနားလမ်းတွင် အများပြည်သူအပန်းဖြေအနားယူနိုင်ရန် ထိုင်ခုံများ၊ ကိုယ်လက် လှုပ်ရှားရန် အားကစားပစ္စည်းများထားရှိပြီး ဓာတ်ပုံရိုက်ကူးနိုင်ရန် (We Love Taunggoke) ဆိုင်းဘုတ် စိုက်ထူခြင်းများကို ယခင်ကပင် ဆောင်ရွက်ထားရှိခြင်းဖြစ်ပြီး ယခုအခါ ပြုပြင်မွမ်းမံမှုများဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)