ရန်ကုန် ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာ ဗဟုသုတပြည့်ဝရေးအတွက် လေ့လာဆည်းပူးကြရန်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အားပြောကြားပြီး အင်းစိန်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးစောလောအယ်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်တို့ကဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ(၆)ဦးက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အသိပညာဗဟုသုတများကို ပြည့်ပြည့်စုံစုံကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြသည်။
ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုပြန်လည်၍ မေးခွန်းများမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများ၏ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)