ဗန်းမော် ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကင်းရှင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် ဗန်းမော်ခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကော်မတီကို ပြန်လည်ဖွဲ့စည်းခြင်းနှင့်ကော်မတီမှ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာကော်မတီဝင်များက အနှေးယာဉ်များကို ရောင်ပြန်များတပ်ဆင်ပေးနိုင်ရေး၊ လမ်းညွှန်များ/ လမ်းအမှတ်အသားများနှင့် အချက်ပြများကို (၂၀၂၂)ခုနှစ် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး၊ အသက်ကယ်ထိုင်ခုံ၊ ခါးပတ်ဝတ်ဆင်မောင်းနှင်စေရေး စစ်ဆေးမှုမပြတ် ဆောင်ရွက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကင်းရှင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်