စဉ့်ကူးမြို့နယ် ညောင်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင် ရွက်နေမှု ကွင်းဆင်းစစ်ဆေး

စဉ့်ကူး    ဒီဇင်ဘာ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ထပ်တိုးဆောင်ရွက်သည့် VDP ကျေးရွာဖွံဖြိုးရေးစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ညောင်ကုန်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက  စီမံ ကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာကော်မတီဝင်များအနေဖြင့်  ဌာနမှသတ်မှတ်ထားသည့် စီမံကိန်းလုပ်ငန်း စံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့အား ဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားခဲ့ပြီးဌာနအင်ဂျင်နီယာဝန်ထမ်းများက (နည်းပညာ) ပံ့ပိုးမှုများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ညောင်ကုန်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းစီမံကိန်း ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၇၀)ရှိ လူဦးရေ (၃၁၇) ဦးတို့အား ရာသီမရွေး သွားလာမှုအဆင်ပြေမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနိုင်အောင်စိုးထံမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)