စဉ့်ကူးမြို့နယ်၊ ကျီတော်ကုန်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

စဉ့်ကူး    ဒီဇင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကျီတော်ကုန်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို စဉ့်ကူးမြို့နယ်၊ ကျီတော်ကုန်းကျေးရွာရှိ ကိုးကျောင်းတိုက်ဓမ္မာရုံအတွင်း ယမန်နေ့နံနက်(၁၁) နာရီက ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတို့အား အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့်ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စများကိုဆွေးနွေးခြင်း၊ ဒုရဲမှူး တင်ညွန့်မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဒေါ်မြတ်စုမွန်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ပြည်သူ(၂)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၁၉၇) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)