သန်လျင် ဒီဇင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးဆန်းဝင်းက လူငယ်စကားဝိုင်းများကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးကြသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်နှင့် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Bus ဖြင့်စာအုပ်စာစောင်များ အခမဲ့ဌားရမ်းပေးခြင်း၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြသမှုကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာစောင်ဌားရမ်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)