ခရမ်း ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမက (၆)ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာပေ၏တန်ဖိုးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကိုသိရှိပြီး ကျောင်းစာသာမက ပြင်ပဗဟုသုတများရရှိစေမည့် သုတ၊ ရသ စာပေများကို ဖတ်ရှု လေ့လာသင့်ကြောင်း၊ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်စေဖို့၊ စဉ်စားဆင်ခြင်ဆုံးဖြတ်နိုင်ဖို့၊ ဉာဏ်အမြော် အမြင်မြှင့်မားဖို့၊ အသိပညာဗဟုသုတရရှိစေမည့် စာကောင်း ပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့် အလေ့အထများကို လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်များ၊ ခင်းကျင်း ပြသထားရာတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ကျောင်းသား ကျောင်းသူလေးများအား အချိန်ရှိခိုက်လုံ့လစိုက်၍ စာပေ၏အကျိုးကျေးဇူး၊ စာပေ၏ တန်ဖိုးရှိပုံများ၊ စာပေကိုချစ်မြတ်နိုးပြီး တန်ဖိုးထားကာလေ့လာဖတ်ရှုစေရေးအတွက် ကျောင်းများအား လှည့်လည်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံများကို ဆက်လက်၍ ပြသပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုမင်း (ပြန်/ ဆက်)