ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် ခရိုင်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက အမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိရေး ကော်မတီများဖွဲ့စည်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ကြရန်၊ အမျိုး သမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးကအမျိုးသမီးများ ဗဟုသုတပြည့်စုံစေရေး၊ အသိပညာပေးလုပ်ငန်းများကို ခရိုင်အမျိုးသမီး ကော်မတီက ဦးဆောင်လုပ်ဆောင် ကြရမှာဖြစ်ကြောင်း၊ အမျိုးသမီးများ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ်အသိပညာပေး လုပ်ငန်းများကို အမျိုးသမီးကော်မတီဝင်များ ပူးပေါင်းဆောင် ရွက်ပါက လုပ်ငန်းများပိုမိုအောင်မြင်လာမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြာခဲ့ပါသည်။
ဆက်လက်ပြီးဒုရဲမှူးကြီးရွှေဦးက အမျိုးသမီးများ အကြမ်းဖက်မခံရအောင် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးခြင်း၊ လူကုန်ကူးမခံရအောင် ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် အမျိုးသမီးများကို ဦးဆောင်စေခြင်း၊ အတွေ့အကြုံများဖလှယ်စေခြင်း၊ စက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်းနှင့် ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်းက အမျိုးသမီးများအနေဖြင့် ဥပေဒေများနားလည်ပြီး ဗဟုသုတပြည့်စုံစေရန် အသိပညာပေး ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်း အသီးသီး ဆွေး နွေးကြရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး အရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ကြရေး ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်တင်ထွေး