မိတ္ထီလာ ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိတ္ထီလာ)မှ ဒုရဲမှူး သိန်းထိုက်အေးက အသိပညာဟောပြောရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ကာကွယ် နှိမ်းနင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လူကုန်ကူးမှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် တက္ကသိုလ်များ၊ အခြေခံပညာစာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ခဲ့ပြီး လူစည်ကားရာနေရာများတွင် လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ကာကွယ်ရေးလုပ်ငန်း များအနေဖြင့် လူကုန်ကူးမှုဖြစ်ပွားပါက ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်တွင်း/ပြည်ပသို့ ပို့ဆောင်ကျူးလွန်လျက်ရှိသည့် လူကုန်ကူးမှုဆိုင်ရာ သိကောင်း စရာများ၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုတို့၏ ခြားနားချက်များ၊ ရွှေ့ပြောင်းသွားလာခြင်းမှ လူကုန်ကူးမှု ဖြစ်ပေါ်လာပုံ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှုခံရသောကြောင့် ရရှိနိုင်သော ဆိုးကျိုးများအကြောင်းနှင့် အသစ်ပြဌာန်း ထားသော လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေး ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းတို့ကို ဟောပြောခဲ့ရာတက်ရောက်လာသည့် သင်တန်းသူသင်တန်းသားများက သိလိုသည်များကို မေးမြန်းရာ ဒုရဲမှူး သိန်းထိုက်အေးက ပြန် လည် ဖြေကြားခဲ့သည်။ ယင်းနောက် တပ်ဖွဲ့ဝင်များက ၎င်းအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသူများ အား လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုလတ်ထွေး၊ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုအေးနှင့် ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)