ငါန်းဇွန် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-8 ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်နှင့် နံရံကပ်စာစောင်တွင် ပြသထားသောမျောက်ကျောက် (Monkeypox) ရောဂါအကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ မူးယစ်ဆေးဝါးများအကြောင်းနှင့် COVID-19 ရောဂါအကြောင်း သိကောင်းစရာများကို လေ့လာကြည့်ရှုကြပြီး ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထား သော စာအုပ်စာစောင်များအား လေ့လာကြည့်ရှုကြသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပရာ ကျောင်းသူများအား ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူကာကွယ်ရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)