မချမ်းဘော့ ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး ကျေးရွာစီမံကိန်း လုပ်ငန်းအား ချေးငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ရက် နံနက်၁၀နါရီက ထရန်ဒမ်းကျေးရွာအုပ်စု ၊ ဆင်လွမ်ဒမ် -၂ ကျေးရွာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မချမ်းဘော့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က စီမံကိန်းဆိုင်ရာ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီမှ ထရန်ဒမ်းကျေးရွာအုပ်စု ကော်မတီထံသို့စိုက်ပျိုးရေး ချေးငွေလျှောက်လွှာ တင်ပြတောင်းခံထားသည့် တောင်သူ ၁၀၁ ဦးအတွက် ချေးငွေရန်ပုံငွေကျပ် သိန်း၆၀၀ အားလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
မချမ်းဘော့မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် မချမ်းဘော့မြို့ပေါ် ၄ရပ်ကွက် အတွက် ကျပ်သိန်း ၄၀၀၊ ထရန်ဒမ်း ကျေးရွာအတွက် ကျပ်သိန်း၄၀၀၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ ဆင်လွမ်ဒမ်း-၂ ကျေးရွာအတွက် ကျပ်သိန်း ၆၀၀ ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မွေးမြူရေးကဏ္ဍအနေဖြင့် နမ်ခမ်ကျေးရွာ အတွက် ကျပ်သိန်း၃၀၀ စုစုပေါင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန် ပုံငွေကျပ် သိန်းပေါင်း ၁၇၀၀ ဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)