မလှိုင် ဒီဇင်ဘာ ၁၆
မိတ္ထီလာခရိုင်၊ မလှိုင်မြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး မြို့နယ်ကြီးကြပ်ရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် လူစည်ကားရာနေရာများတွင် ယနေ့နံနက် (၈) နာရီ အချိန်က အသိပညာပေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါနေ့က မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များ ဖြစ်ကြသော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်၊ စည်ပင်အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်နှင့် ဝန်ထမ်းတို့မှ မိတ္ထီလာ-မြင်းခြံကားလမ်းမကြီး တစ်လျှောက် လှိုင်သာယာပန်းခြံအရှေ့၊ မလှိုင်-ကျောက်တန်းလမ်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအရှေ့ မျက်နှာစာနေရာများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဆိုင်ကယ်စီးပါက ဆိုင်ကယ်ဦးထုပ် ဆောင်းရန်၊ ယာဉ်အင်္ဂါအပြည့်အစုံ တပ်ဆင်စီးနင်းရန်အသိပညာပေးခြင်းနှင့် “အန္တရာယ်ကင်းစေဖို့၊ ဆိုင်ကယ် စီးဦးထုတ်ဆောင်းကြစို့” အသိပေး Stricker (၃၀၀) ခု ကပ်ပေးခြင်း၊ “ယာဉ်အန္တရာယ်၊ လမ်းအန္တရယ် ကင်းရှင်းရေး (Road Safety) ” အသိပညာပေးလက်ကမ်းစာစောင် (၂၀၀) ခု ဖြန့်ဝေခြင်း၊ အနှေးယာဉ် (၁၂) စီးအား ရောင်ပြန် Stricker များ တပ်ဆင်ပေးခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)