ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ကုလားပဲစိုက် တောင်သူများအချိန်နှင့်လုပ်အား၊ကုန်ကျ စရိတ်သက်သာစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်(၉)နာရီ က ပြည်ပန်းကျေးရွာတွင် ထယ်ရေးမလိုသည့် မျိုးစေ့ချကိရိယာဖြင့် ကုလား ပဲသီးနှံစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ကွင်းအမှတ်(၂၀၀)၊ ဦးပိုင်မှတ်(၅၂/၁) တောင်သူ ဦးခင်မောင်ဝင်း၏ မြေတစ်ဧတွင် ကျင်းပပြုလုပ် ခဲ့ရာ ကုလားပဲစိုက်တောင်သူ (၃၀)ဦးခန့် လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲတွင် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးကကုလားပဲသီးနှံမျိုးစေ့ချ ကိရိယာအသုံးပြုခြင်းဖြင့် စိုက်ပျိုးမြေအား ထယ်ရေးမပြုပြင်ခြင်းကြောင့် ရေနှင့်လေ တိုက်စားမှုမရှိ၍ မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ထွန်ယက်ရေးသုံး စက်ကိရိယာများကြောင့်ဖြစ်ပေါ်သောမြေလွှာသိပ်သည်းမှုမရှိခြင်း၊ ဒုတိယတစ်သီးကို အစိုဓာတ်မိမိဖြင့်သီးနှံဖြစ်ထွန်းရန် အချိန်မီစိုက်ပျိုး နိုင်ခြင်း၊ ထယ်ရေးပြုပြင်ရန်မလိုဘဲ ကုန်ကျစရိတ်အနည်းဆုံးဖြင့် သီးထပ်စိုက်ပျိုးနိုင်ခြင်း၊ ထယ်ရေးမပြုပြင် ခြင်းကြောင့် မြေကြီးအတွင်း ကာဗွန်ဓာတ်များ လေထုအတွင်းသို့ ထုတ်လွှင့်မှုမရှိသဖြင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုခြင်း၊ စိုက်တန်းအရေ အတွက် (၁၅)တန်းအထိ အသုံးပြုနိုင်ပြီး တန်းကြားအကွာအဝေး (၇)လက်မနှင့်အထက် လိုအပ်သလိုချိန်ညှိအသုံးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဆောင်းရာသီတွင် ကုလားပဲသီးနှံ(၂၉၅၇၃)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး (၂၂၃၄) စိုက်ပျိုးပြီးကြောင်းနှင့် ကလားပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးနည်းပညာများ စနစ်တကျကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)