မောင်တော ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်သော (၄၈) နှစ်မြောက် ရခိုင် ပြည်နယ်နေ့အားကစားပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေးခြင်းများကို ယမန်နေ့ ညနေပိုင်းက မြို့မ အားကစားကွင်းနှင့် သီရိမင်္ဂလာခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အားကစားပွဲများဖြစ်သော ချောတိုင်တက်ပြိုင်ပွဲနှင့် လွန်ဆွဲပွဲများအား မြို့မအားကစားကွင်းအတွင်းကျင်းပပြုလုပ်ရာ ချောတိုင်တက် ပြိုင်ပွဲအား အသင်း ၅ သင်းကလည်းကောင်း၊ လွန်ဆွဲပွဲအား အမျိုးသား၇ သင်းနှင့် အမျိုးသမီး ၄ သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသည့်အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များကဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ယင်းနောက် ညနေပိုင်းတွင် သီရိမင်္ဂလာခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ရခိုင်မုန့်တီနှင့်ဒေသအစားအစာများ စတုဒီသာကျွေးမွေးကြရာ ဒေသခံပြည်သူများက ပျော်ပျော်ပါးပါးလှည့်လည်စား သောက်ကြသူများနှင့် အထူးစည်းကားခဲ့သည်။ အဆိုပါ စတုဒီသာကျွေးမွေးကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ စုပေါင်းအဖွဲ့များအားခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အကောင်းဆုံးနှင့် လူကြိုက်အများဆုံးအဖွဲ့တို့အား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး သီရိမင်္ဂလာခန်းမအတွင်း တေးသံရှင်များနှင့် ဝါသနာရှင် အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ပြန်/ဆက်)