ရန်ကုန် ဒီဇင်ဘာ ၁၆
ပြည်သူများအားလုံး ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် “ပန်းခင်း” စီမံချက်အဆင့်(၂)ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာ အမှတ်(၃၆) စစ်ရေယာဉ်စု၊ ရေတပ်စခန်းအတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဒေါပုံမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ထွန်းနှင့် ဝန်ထမ်းများက လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသေးသူများ၊ လက်ရှိဒေသတွင်အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုလူဦး ရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူရင်းဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း ကိုင်ဆောင်လက်မှတ် မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူရင်းဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ “ပန်းခင်း” စီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာသို့ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေး၊ အဖွဲ့ဝင်(၁) ၊ အဖွဲ့ဝင်(၂)နှင့် အတွင်းရေးမှူးတို့က သွားရောက်ခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ ဆက်)