သာစည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့်မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ သာစည်မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ပူးပေါင်းလေ့ကျင့်မှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ ဈေးအတွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းကဈေးဆိုင်များတွင် မီးသတ်ဆေးဗူးများထားရှိရေး၊ ဆေးဗူးများကို စနစ်တကျအသုံးပြုတတ်စေရေး၊ ပေါက်ပြဲနေသော ဝါယာကြိုးများအသုံးမပြုကြရန်စသည်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရန်တို့ကို ပညာပေးဟောပြောပြီး မီးသတ်ဆေးဗူးစနစ်တကျအသုံးပြုပြီး မီးငြိမ်းသတ်နည်းကို ရှင်းလင်းပြသကာ လက်တွေ့ပူးပေါင်း လေ့ကျင့်ဆောင်ရွက်သည်။ ထို့နောက် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ပုံကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေးဝန်ထမ်းများနှင့် ဈေးသူဈေးသားများက ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ သာစည်မြို့မဈေးကြီး၌ ဆိုင်ခန်းပေါင်း ၆၅၄ ခန်းရှိကြောင်းသိရပြီး မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် ဂါလံ ၁၀၀၀ ဆန့် ရေစင် တစ်ခု၊ ဂါလံ ၁၀၀၀၀ ဆန့်နှင့် ဂါလံ ၃၀၀၀ ဆန့် မီးသတ်ရေကန်များနှင့်မီးသတ်ရေငုတ် ၁၂ ခုဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပူးပေါင်းလေ့ကျင့်ရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်နှင့် ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များနှင့် ဈေးသူဈေးသားများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်