နမ့်စန်(တ) ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၄)ခရိုင်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၄)ရက်နေ့ ညနေ ၂နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်း အတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်(၄)ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များကို လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုအလေးပြု၍ ကွင်းအတွင်း မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ဖွင့်ပွဲပွဲစဉ်အဖြစ် မိုးနဲမြို့နယ်ကိုယ်စားပြုဘောလုံးအသင်းနှင့် နမ့်စန်(တပ်နယ်) ကိုယ်စားပြုဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မိုးနဲမြို့နယ်ဘောလုံးအသင်း က ၆ဂိုး ၂ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် (၄)ခရိုင်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ (၄)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး နမ့်စန် ၊ လွိုင်လင် ၊ လင်းခေးနှင့်မိုင်းရှူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၃သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)