ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်နှင့် တာဝန်ရှိသူများက ဟိုပုံးမြို့နယ်ရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီး

ဟိုပုံး ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာ အုပ်စု၊ ပန်လျှန်းကျေးရွာရှိ ဘိန်းစိုက်ခင်းများကို ယမန်နေ့နံနက် ၇နာရီခွဲ အချိန်က တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ထို့သို့ဖျက်ဆီးရာတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ မူးယစ်တပ်ခွဲ (၂၅)တောင်ကြီးမှ  ရဲမှူးသန်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ရဲမှူး စိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှ ဗိုလ်မှူးသိန်းဘိုဘိုထွေးနှင့် တပ်ဖွဲ့ဝင်များ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စုစုပေါင်း အင်အား (၁၂၀)ဦးတို့က စငေါကျေးရွာအုပ်စု၊ ပန်လျှန်းကျေးရွာ၏ အရှေ့တောင်ဘက် (၁)မိုင်ခန့် အကွာ အမြင့်(၁)ပေခွဲခန့်ရှိ ဖူးပွင့်ဆဲဘိန်းခင်း(၅)ဧကကိုလည်းကောင်း၊ ပန်းလျှန်းကျေးရွာ၏ အရှေ့တောင်ဘက်(၁)မိုင် (၂)ဖာလုံခန့်အကွာ  အမြင့်(၁)ပေခွဲခန့်ရှိ ဖူးပွင့်ဆဲဘိန်းခင်း(၄) ဧက စုစုပေါင်း (၉)ဧကတို့ကို ဖျက်ဆီးခဲ့ကြသည်။ ထို့နောက် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုတို့က ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့များအား ရိက္ခာခြောက်ပစ္စည်း (၆)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး ပန်လျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးအိန္ဒာစရအား သွားရောက်ဖူးမျှော်ပြီး အလှူငွေကျပ် (၃)သိန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဟိုပုံးမြို့နယ်တွင် ဘိန်းစိုက်ခင်းများအား နိုဝင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ ဖျက်ဆီးလျက် ရှိရာ ကျန်ရှိနေသေးသည့် ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)