ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ကျေးရွာတွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများအား အချိုးကျကိုယ်စားပြုစနစ် (PR System)အား တွေ့ဆုံရှင်းလင်းပွဲပြုလုပ်

ပုသိမ်ကြီး  ဒီဇင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး ဦးဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါ၀င်သည့် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါကျေးရွာရှိ မယ်ရွဲဓမ္မာရုံဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အချိုးကျကိုယ်စားပြုစနစ် (PR System)အား တွေ့ဆုံရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။

တွေ့ဆုံရှင်းလင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များက အသီးသီးအမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်းစဥ်များနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် စစ်ကြောင်းကြီးများ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများ ရှင်းလင်းပြောကြားကာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က အသင်း အဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၂၂ခုနှစ်)အရ ဆောင်ရွက်မည့်လုပ်ငန်းစဥ်များအား အောင်မြင်စွာအကောင် အထည်ဖော် ဆောင် ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်ညွန့်က လျှပ်စစ်ဓါတ်အားခ ကောက်ခံရရှိမှု အခြေအနေများ၊ လျှပ်စစ်ပေးဝေနေမှုအခြေနေများ ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာများမှ မီးလင်းရေးကော်မတီ၀င်များက တွေ့ကြုံနေရသည့် မီးလင်းရေးဆိုင်ရာ အခက်အခဲများကို တင်ပြခဲ့ကြမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှုးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခြင်းများဆောင်ရွက်ခဲ့သည်။ ၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ခင်စောယုသင်းက အချိုးကျကိုယ်စားပြုမှုစနစ် PR System နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာခင်လှရွှေက ကောင်းမွန်သော ၀က်မွေးမြူရေးနည်းလမ်းများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေး ဦးစန်းယုလှိုင်က smart villageလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအားလည်းကောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေါ်သင်းမြမြထွန်းကငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းစဥ်များကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်က စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များတို့ကို ဆက်လက်ဆွေးနွေးကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးလက်ပြည်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။       

မြို့နယ်(ပြန်/ဆက်)