လူငယ်များအသိပညာတိုးပွားစေရန်အတွက် ကျောက်ပန်းတောင်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် အတွက်ပြုလုပ်သည့် လူငယ်စကားဝိုင်းကို၊ ယမန်နေ့နံနက် (၁၀) နာရီ က အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းစုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းကို လူငယ်များအနေဖြင့် မိမိတို့တွေ့ကြုံဖြတ်သန်းခဲ့ရသည့် စာပေဆိုင်ရာ၊ အားကစားဆိုင်ရာနှင့် သင်ကြားလေ့လာခဲ့ရသည့် နည်းပညာပိုင်းဆိုင်ရာများ၊ မိမိတို့ပတ်ဝန်းကျင်တွင် မြင်တွေ့ရင်ဆိုင်နေရသည့် မူးယစ်ဆေး ဝါးဆိုင်ရာ ပြသနာများကို အချင်းချင်း အသိပညာမျှဝေ၍ ဦးဆောင်ဆွေးနွေးတတ်စေရန်နှင့် မိမိတို့ကျောင်းနှင့်ပတ်ဝန်းကျင်၏ လိုအပ်ချက်များကို အချင်းချင်း မေးမြန်းဆွေးနွေးအဖြေရှာတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ပြောသည်။ အခမ်းအနားတွင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ သီတာဆွေက ယခုလူငယ်စကားဝိုင်းတွင် လူငယ်နှင့် စာပေ၊ လူငယ်နှင့်အား ကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မူးယစ် ဆေးဝါးအစရှိသည့် ကဏ္ဍများကို ဆွေးနွေးသွားကြမှာဖြစ်ကြောင်းနှင့် ကျောင်းသားများအနေဖြင့် မိမိတို့ သိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးသွားကြရန် အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်ဦးစီးအရာရှိတို့ကဦးဆောင်၍ လူငယ်နှင့်စာပေကဏ္ဍကို မောင်လှိုင်ဖုန်းထက် (3G EP)၊ လူငယ်နှင့်နည်းပညာ ကဏ္ဍကို မောင်ဇွဲသူရိန်ဆွေ (3G EC)၊ လူငယ်နှင့် အားကစားကဏ္ဍကို မောင်ဇော်သူရိန်ထွန်း (3G Mech) နှင့် လူငယ်နှင့်မူးယစ် ဆေးဝါးကဏ္ဍကို မထက်ရတနာထွန်း (3G Civil) တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးချက်များအပေါ် ကဏ္ဍအလိုက် သိရှိလိုသည်များကို ကျောင်းသား/ကျောင်းသူများက မေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လူငယ်စကားဝိုင်းအပြီးတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်(၄)ဦးကို ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသီတာဆွေက အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး စာသင်နှစ်အတွင်း ထူးချွန် ကျောင်းသားဆုများကို ဌာနအလိုက် ဌာနမှူးများက ပေးအပ်ချီးမြှင့်ကြကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)