မဟာအောင်မြေ ဒီဇင်ဘာ ၁၆
မန္တလေးမြို့ငလျင်စခန်းမှ ၁၅ မိုင်ခန့်နှင့်တံတားဦးမြောက်ဘက် ၄ မိုင်ခန့်အကွာ ဗဟိုပြု၍ ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်ခန့်က အင်အားရစ်(ခ်) တာစကေး ၅ ဒသမ ၂ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ရှားခဲ့ရာ မန္တလေး ၄ မြို့နယ်အတွင်းရှိ သာသနိကအဆောက်အအုံနှင့် ကွန်ကရစ်ဓာတ်တိုင်လဲကျပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုခန့်မှန်တန်ဖိုးများမှာ မဟာအောင်မြေမြို့နယ်တွင် ကွန်ကရစ်ဓါတ်တိုင်လဲကျရာ ပျက်စီးမှု ငွေကျပ် ၂၀၀၀၀၀ ခန့်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁၃၅၈၀၀၀၀ ခန့်ဖြစ်၍ ဆုံးရှုံးမှုအများဆုံးဖြစ်၍ ချမ်းအေးသာစံနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှု မရှိဟုဆိုသည်။
“ခုလှုပ်ခဲ့တာက စစ်ကိုင်းပြတ်ရွေ့ကြောဖြစ်ပြီး လူနေများပြားတဲ့နေရာမှာ လှုပ်ခတ်ခဲ့တာနဲ့ ဗဟို ပြုလှုပ်ရှားတဲ့ မြေအောက် စောက်အနက် တိမ်တာကြောင့် သိသိသာသာခံစားရတာပါ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ထိခိုက်မှုများပြီး သာသနိကအဆောက်အအုံတွေနဲ့ ဘုန်းတော် ကြီးကျောင်းအချို့ဖြစ်ပါတယ်”ဟု မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန (နေပြည်တော်) ငလျင်ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ရင်မျိုးမင်းထွေးကပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်အတွင်ရှိပတ္တမြားစေတီနှင့် ရှင်ပင်သာဒွန်းဘုရားစိန်ဖူး တော် မြေခခြင်း၊ ရန်ကုန်-မန္တလေးလမ်းဘေးမှ လေးမျက်နှာဘုရားမှာ စိန်ဖူးတော်မြေခပြီး ထီးတော်စောင်းသွားခြင်း၊ စူဠာမုနိဘုရား၊ ထီးတော်တိမ်းစောင်ခြင်းများရှိခဲ့ရာ ခန့်မှန်းဆုံးရှုံးကြောင်း၊ မန္တလေးတောင်ပေါ်မှ မြွေကြီးနစ် ကောင်အဆင်းလမ်း၊ ပြဿ်မှာအရှေ့မြောက်ဘက် အနည်းငယ်တိမ်းစောင်းခြင်း၊ ဆုတောင်းပြည့်ရင်ပြင်၊ တောင်ဘက်ခြမ်းမှ မှန်စီထားမှုအချို့ အနည်းငယ် ကွာကျခြင်းရှိကြောင်း သိရသည်။
ထို့ပြင် အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘုရားစေတီအချိုတွင်လည် စိန်ဖူးတော် မြေခခြင်း ထီးတော်ပျက်စီးခြင်းများရှိခဲ့ပြီး အင်းဝဒေသမှ သာသနိကအဆောက်အအုံအချို့တွင်လည်း ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း