ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အမှတ် -၂၁ အခြေခံပညာအထက်တန်းကျောင်း၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးပြည်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှဦးစီးမှူး ဦးပြည်ဖြိုးမောင်က "ကျောင်းသားကျောင်းသူများ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိနားလည်စေရန်နှင့် ဘေးအန္တရာယ်ကြုံလာရပါက မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်စေရန်၊ ဘေးအန္တရာယ်အမျိုးအစားများအကြောင်း၊ လူလုပ်ဘေးနှင့် သဘာဝဘေးကြား ခြားနားချက်များကို ဟောပြောခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို အခြေခံပညာ ကျောင်းများ၌ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံး ဦးစီးမှူး ဦးပြည်ဖြိုးမောင်ထံမှ သိရသည်။
သားငယ် ( ပုဗ္ဗသီရိ)