ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့အချိန်က ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆင့်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ လူငယ်စကားဝိုင်းတွင် ပညာရေးစစ်ကြောင်းမှဌာနဆိုင်ရာ အကြီးအကဲများနှင့်၊ ဆရာဆရာမများ ကျောင်းသား ကျောင်းသူစုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသား ကျောင်းသူများထဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ ဆက်)