ကုန်းကြမ်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ကို စက်တင်ဘာလ ၂၀ ရက်နေ့နံနက် ၁၁ နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဦးမော်ကြားကြယ် က အဖွင့်အမှာစကားပြောကြားပြီး ကုန်းကြမ်းမြို့နယ်၌ ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)စု၊ မော်ထိုက်မြို့၌ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စု တို့တွင် မဲရုံပေါင်း(၂၁)ရုံ ထားရှိပြီး မဲရုံဖွင့်လှစ်ထားရှိသည့်နေရာများနှင့် မဲရုံ(၁)ရုံချင်းအလိုက် မဲပေးနိုင်သူ ဦးရေများနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဦးရန်လင်းဖြိုး က မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ခန့်ထားနိုင်ရေးနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေး ပြီး တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပါတီကိုယ်စားလှယ် များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)