ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်များအား အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းက အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်အရ ဆောင်ရွက်ရမည့်အသင်းအဖွဲ့ မှတ်ပုံတင်လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် အသင်းအဖွဲ့များ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေသစ်နှင့်အညီ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းက ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်တွင် ပါဝင်သည့် ပြစ်မှု ပြစ်ဒဏ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့ ဥက္ကများနှင့် အတွင်းရေးမှူးတို့က အသင်းအဖွဲ့၏ ဆောင်ရွက်မှုအခြေအနေများနှင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းတင်ပြခဲ့ကြရာ တာဝန်ရှိသူတို့က ပြန်လည်းရှင်းလင်း ဖြေကြားပေးခဲ့သည်။
အဆိုပါအသိပေးရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ အသင်းအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသင်းအဖွဲ့(၉)ဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)