မှော်ဘီ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၁၀/၂၀၂၂)နှင့် (၁၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးနေဆန်းမှ အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ်၊ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးကျော်သန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ရှေးဦးပြုစုခြင်း(အခြေခံ)(၁၀/၂၀၂၂)နှင့်(၁၁/၂၀၂၂) သင်တန်းမှသင်တန်းသားထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပြီး (၉၃)ထူးချွန်၊ (၉၄)တိုင်းနည်းပြဂုဏ်ထူးဆောင်ကြက်ခြေနီရာသက်ပန် ကြက်ခြေနီအသင်းဝင်ဖြစ်သော အ.ထ.က(၁)မှော်ဘီမှ အထက်တန်းပြဆရာမဒေါ်ခင်ဌေးကြည်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ကောင်းမြတ်သူ (မှော်ဘီ)