မိုင်းဆတ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် မိုင်းဆတ်လေဆိပ်၊ လေယာဉ်ပြေးလမ်းကတ္တရာထပ်ပိုးလွှာနှင့် ရေပိတ်လွှာ (၂)ထပ် လောင်းခြင်း လုပ်ငန်းများကို Family Zion ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်လေဆိပ်၊ လေယာဉ်ပြေးလမ်း (၅၀၀၀×၁၀၀) ပေအနက် ကျန်ရှိသည့် (၁၅၀၀×၁၀၀) ပေ၊ (၃") ထုကျောက်ကတ္တရာထပ်ပိုးလွှာတင်ခြင်း၊ လေယာဉ်ပြေးလမ်းအမှတ်အသား ရေးဆွဲခြင်း၊ လေယာဉ်ပြေးလမ်း ဘေးဝဲ/ယာရှိ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြေးလမ်း Rwy 30 ဖက်ခြမ်းရှိ အရှိန်သတ်စွန်း Over Run (၁၂၅×၁၀၀) ပေအား ကျောက်ကတ္တရာနှင့် ရေပိတ်လွှာ(၂)ထပ်ခင်းခြင်း၊ ပြေးလမ်းနှစ်ဖက် (၂၅) ပေအကျယ် လမ်းပုခုံး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၄၃၅) သန်းကျော်ဖြင့် Family Zion ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများအပြင် လေဆိပ်အဝင်ဂိတ်လမ်းတစ်လျှောက် ကတ္တရာခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းများပြီးစီးပါက လေယာဉ်ဆင်းသက်ချိန်တွင် ပြေးလမ်းတစ်လျှောက် ချောမွေ့စွာဆင်းသက်နိုင်မည့်အပြင် လိုက်ပါစီးနင်းသည့်ခရီးသည်များ သက်တောင့်သက်သာဖြင့် စီးနင်းနိုင်မည်ဖြစ်ကြောင်း Family Zion ကုမ္ပဏီ အင်ဂျင်နီယာထံမှသိရသည်။
မြင့်မောင်(ပြန်/ဆက်)