ဒဂုံအရှေ့ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဒဂုံတက္ကသိုလ်(၂၉)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်က တက္ကသိုလ်(၂၉)နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းတင်သွင်းဖတ်ကြားခဲ့ကြသည့် စာတမ်းရှင်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် သုတေသနသည် တက္ကသိုလ်၏အသက်ဖြစ်၍ သုတေသနများဆောင်ရွက်ခြင်းသည် ပညာရေးဖွံ့ဖြိုးတိုးတက်စေရန်မြှင့်တင်တွန်းအားပေးဆောင်ရွက်ခြင်းဖြစ်ပြီး သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမတစ်ဦးချင်းစီက အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန်က သုတေသနစာတမ်းဖတ်ပွဲစီစဉ်ဆောင်ရွက်ရသည့်အကြောင်း၊ ဝိဇ္ဇာနှင့်သိပ္ပံစာတမ်းများအတွက်အမှတ်ပေးစည်းမျဉ်းများ၊ ဆုချီးမြှင့်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဝိဇ္ဇာဘာသာရပ်အကောင်းဆုံးသုတေသနစာတမ်းရှင်(၁)ဦးနှင့် သိပ္ပံဘာသာရပ်အတွက် အကောင်းဆုံးသုတေသနစာတမ်းရှင်(၁)ဦးတို့အား ဂုဏ်ပြုအမှတ်တရဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါဒဂုံတက္ကသိုလ်(၂၉)နှစ်ပြည့်အထိမ်းအမှတ်သုတေသနစာတမ်းဖတ်ပွဲတွင် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းစုစုပေါင်း(၂၀)စောင်တို့ကို စာတမ်းရှင်များကဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)