တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များခင်းကျင်းပြသ

တောင်ဥက္ကလာပ  ဒီဇင်ဘာ   ၁၆

‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ‌ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်(၁၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဆန်းမြို့ကြွယ်က စာဖတ်ခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများ၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိအောင် စာအုပ်စာစောင်များဖတ်ရှုရန် လိုအပ်ကြောင်းကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)