ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကျောင်းကြက်ခြေနီအသင်းခွဲငယ်ဖွဲ့စည်းခြင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာများ ဟောပြောခြင်း

ဒဂုံအရှေ့ ဒီဇင်ဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ မဒကျေးရွာ(၅၂)ရပ်ကွက်၊ အမှတ်(၁၁)အခြေခံပညာကျောင်းမူလတန်းလွန်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကြက်ခြေနီအသင်းခွဲငယ်ဖွဲ့စည်းပေးခြင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောခြင်းကို အဆိုပါကျောင်း၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူးဦးစိုးမြင့်လွင်က ကျောင်းကြက်ခြေနီအသင်းခွဲဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်အား ပြောကြားရာတွင် ကျောင်းကြက်ခြေနီအသင်းခွဲငယ်များဖွဲ့စည်းရာတွင် ပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ရရှိလာမည့်အကျိုးကျေးဇူးများ၊ ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ ကြက်ခြေနီအကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး နောက်တပ်ဖွဲ့ဝင်များမှလည်း ကြက်ခြေနီအသင်း၏ရှေးဦးပြုစုနည်းလုပ်ငန်းများအား ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြသပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူးကမဒကျေးရွာ ၅၂ ရပ်ကွက်၊ အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်းကျောင်းတာဝန်ရှိသူထံ ကျောင်းကြက်ခြေနီအသင်းအခွဲငယ်ဖွဲ့စည်းခြင်းဆိုင်ရာ စာရွက်စာတမ်းများအားပေးအပ်ခဲ့ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် ကျောင်းကြက်ခြေနီအသင်းခွဲများဖွဲ့စည်းရာ၌ ကျောင်းများတွင် ဆရာ၊ ဆရာမ(၄)ဦး ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးတို့ဖြင့် ဖွဲ့စည်းလျက်ရှိရာမြို့နယ်အတွင်းရှိ စီမံဆောင်ရွက်မည့် ရပ်ကွက်/ကျေးရွာများရှိကျောင်း(၅)ကျောင်းတွင် ဖွဲ့စည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခုလက်ရှိအခြေခံပညာကျောင်း(၃)ကျောင်း၌ ကျောင်းကြက်ခြေနီအသင်းခွဲငယ်များဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲတာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)