မန္တလေးမြို့တွင် ပြည်တွင်းထွက်ကြက်သွန်ဥများ ရောင်းအားကောင်းနေ

မဟာအောင်မြေ ဒီဇင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ပြည်တွင်းထွက်ကြက်သွန်ဥများ ဈေးကောင်းလျက်ရှိပြီး ကြက်သွန်ဥအသစ်များထက် အဟောင်းများမှာ ရောင်းအားပိုကောင်းလျက်ရှိကြောင်း ကြက်သွန်များ လက်လီလက်ကားရောင်းချနေတစ်ဦးထံမှ သိရသည်။

"ကျွန်မတို့ဆိုင်က ကြက်သွန်ဥတွေ လက်လီ၊ လက္ကားရောင်းပါတယ်။ အခုဆို ပြည်တွင်းကထွက်တဲ့ ကြက်သွန်ဥတွေက အရောင်းသွက်နေတယ်။ ချင်းပြည်နယ်၊ ကလေးမြို့၊ မုံရွာမြို့တို့ကလာတဲ့ကြက်သွန်တွေက ပိုရောင်းရတယ်။ သူတို့ဆီကလာတဲ့ကြက်သွန်တွေက လူကြိုက်များတယ်။ အခြား မြစ်သား၊ မြစ်ငယ်ဒေသတွေကထွက်တဲ့ ကြက်သွန်လည်း ရောင်းရတယ်။ အရင်က တရုတ်နိုင်ငံကလာတဲ့ကြက်သွန်တွေက တံတားဦးမြို့ပေါ်မှာ ဒိုင်တွေက လက္ကားဖြန့်ရောင်းတယ်။ အခုဆို တရုတ်ကလာတဲ့ကြက်သွန်တွေက ပိတ်ထားတယ်လို့ကြားတယ်။ ပြီးတော့လူကြိုက်လည်းနည်းတယ်။  (ဥပမာ)ဝက်သားဟင်းချက်ရင် အရောင်းပြောင်းသွားတတ်လို့ တချို့က မကြိုက်ကြဘူးလေ။ ဒါကြောင့် ပြည်တွင်းကထွက်တဲ့ ကြက်သွန်တွေ ရောင်းအားကောင်းနေတယ်။ ကျွန်မတို့ မန္တလေးမြို့ပေါ်မှာဆို မန်းမြို့ဈေးတို့ ရာမညစားသောက်ဆိုင်တို့မှာ အများဆုံးရောင်းရပါတယ်။ မန်းမြို့ဈေးဆို တစ်နေ့ကို ပိဿာချိန်(၂၀၀)လောက် သွားပို့ရတယ်။ ရာမညထမင်းဆိုင်ဆို တစ်ရက် ပိဿာချိန်(၃၀)လောက်ပို့ရပါတယ်။” ဟု ကြက်သွန်များ ရောင်းချနေသူ မပွင့်ဖြူက ပြောသည်။

ဈေးနှုန်းများမှာ ကြက်သွန်အသစ် တစ်ပိဿာ ၃၀၀၀ ကျပ်ဖြစ်ပြီး ကြက်သွန်အဟောင်းမှာ တစ်ပိဿာ ၄၀၀၀ ကျပ်ဖြစ်ကြောင်း၊ ကြက်သွန်အသစ်မှာ လူကြိုက်နည်းသည့်အတွက် အဟောင်းမှာ ဈေးကြီးသော်လည်း ရောင်းအားပိုကောင်းကြောင်း ၎င်းကပြောသည်။

အောင်ဇော်မင်း