မော်လမြိုင် ဒီဇင်ဘာ ၁၅
မွန်ပြည်နယ်အတွင်း လူငယ်၊ လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး သက်မွေးပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားပညာရှင်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီက ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ရဲမှူးကြီးမျိုးဆွေက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်(၃)ရပ်အနက် “အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင်လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်”ဆိုသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ ပထမ(၅)နှစ် စီမံချက်(၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ)တွင် “အရည်အသွေးရှိသည့်လုပ်သားအင်အား ရရှိစေရန်ကလေးသူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သောအလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာ လုပ်ငန်းများအတွက် ထိရောက်သင့်လျော်သော ဘက်ဂျက်ငွေ တင်ပြအသုံးပြုခြင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းဈေးကွက်များ မြှင့်တင်ခြင်း၊ တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့်ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသော ဌာနနှင့်ချိတ်ဆက် ဆောင်ရွက်ပေးခြင်း”တို့ကို တာဝန်ခံ၍ တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့လည်း လိုအပ်တဲ့ဘဏ္ဍာငွေလည်းရရှိပြီးဖြစ်တာကြောင့် ပြည်နယ်အတွင်းမှာ ကလေးအလုပ်သမား လျော့နည်းလာအောင် အလေးထားဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တတိယအကြိမ် ဖွင့်လှစ်သည့်အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်း ဖွင့်ပွဲသို့တက်ရောက်သည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ယူတတ်မြောက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထားရသော ကျွမ်းကျင်လုပ်သားများ ဖြစ်စေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေး၀န်ကြီးနှင့် တက်ရောက်လာကြသည့် သင်တန်းသား/သူများနှင့် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းတွင် ၂၅ ဦး ဂဟေဆက် သင်တန်း တွင် ၄၀ ဦး စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်