မိုင်းကိုင် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့မနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာကျော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဆုမွန်နောင်၊ လူမှုဝန်ထမ်း-၄ ဒေါ်မျိုးသရဖီဇော်တို့က မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ မသန်စွမ်းအမျိုးအစားများနှင့် ခွဲခြားဆက်ဆံခြင်းမရှိစေရေး ပြုစုပျိုးထောင်ခြင်းအကြောင်းအရာများ၊ မသန်စွမ်းသူစာရင်းပြုစုခြင်း၊ ထောက်ပံ့မှုပေးခြင်းအကြောင်းများကို ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော မိခင်နှင့်ကလေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက မိမိတို့အတွေ့အကြုံများ၊ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ Talk Show အပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတရသစာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)