ဇေယျာသီရိမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

 

ဇေယျာသီရိ  ဒီဇင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) သာစည်ကျောင်းမှ ကျောင်းသား/သူများအားဖိတ်ခေါ်၍ ပုံတူပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။            

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စာဖတ်ရှိန်မြှင့်တင်စေရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ်လာရောက်ပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များဗလငါးတန်နှင့် ပြည့်စုံစေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ ယခုလို လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ဖိတ်ခေါ်၍ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက ပုံတူပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကျင်းပပေးရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။

ပြိုင်ပွဲသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) သာစည်ကျောင်းမှ ကျောင်းသား/ သူ စုစုပေါင်း ၃၅ ဦး တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)