ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဒေသခံခရီးသွားပြည်သူများ မဖြစ်မနေ Mask တပ်ဆင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ် (သမ္ဗန်ဆိပ်)အနီးတွင် ရန်ကုန်မြို့ထဲမှအလုပ်လုပ်၍ ပြန်လာကြသူများ၊ ဆိုင်ကယ်ကယ်ရီနှင့် ဆိုက်ကားမောင်းနှင်/စီးနင်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွားလာကြသည့် မြို့နယ်နေပြည်သူများအား မဖြစ်မနေပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် Mask အခုရေ ၁၀၀၀ အား ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စနစ်တကျတပ်ဆင်သွားလာရေး အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)