ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ရည်ရှည်ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များနှင့် မြို့နယ်အတွင်းရှိ စံညီရပ်ကွက်စာကြည့်တိုက်နှစ်တိုက်ဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ “မေတ္တာ အလင်းရောင်”စာကြည့်တိုက်နှင့် ခနောင်တိုအနောက်ရပ်ကွက်ရှိ “အလင်းရောင်”စာကြည့်တိုက်တို့မှ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက “စာကြည့်တိုက်များအတွင်း လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းစွာရရှိရန်လိုကြောင်း၊ မိမိတို့ရပ်ကွက်စာကြည့်တိုက် ရေရှည်တည်တံ့ရေးအတွက် မိမိတို့စာကြည့်တိုက်ကော်မတီဝင်များက အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများနှင့် လူကြိုက်များသည့်ဂျာနယ်၊ စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်အောင်ထားရှိပေးရန်နှင့် စာကြည့်တိုက်ဖွင့်ချိန်ကို ရုံးနှင့်ကျောင်းပိတ်ရက်များတွင် အချိန်တိုးမြှင့်ဖွင့်ပေးနိုင်ရန်လိုအပ်ကြောင်း၊ စာကြည့်တိုက်အဆောက်အဦ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာအုပ်စာစောင်များ ပျက်စီး၊ ပျောက်ဆုံးမှုနည်းပါးရေး၊ စာအုပ်စာစောင်တိုးပွားရေးကိုလည်း ကော်မတီဝင်များမှ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း” စသည်ဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “သက်ဆိုင်ရာ ရပ်ကွက်စာကြည့်တိုက် ကော်မတီဝင်များအနေဖြင့် မိမိတို့စာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်ရေး၊ စာအုပ်စာစောင်များကို ပြည်သူ့စာကြည့်တိုက် လက်စွဲစာအုပ်ပါအတိုင်း စနစ်တကျစာရင်းရေးသွင်းခြင်း၊ လယ်ဂျာမှတ်တမ်းများထားရှိခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စာအုပ်စာစောင်များ လျော့နည်း၊ ပျောက်ဆုံးမှုနည်းပါးစေရန် ထိန်းသိမ်းစောင့်ရှောက် သွားကြရန်လိုကြောင်း၊ ပြည်သူ့စာကြည့်တိုက်များ အချင်းချင်းစာကြည့်တိုက် လုပ်ငန်းများကို အပြန်အလှန်အကျိုးပြု ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များက မိမိတို့လက်ရှိဆောင်ရွက်နေသည့် စာကြည့်တိုက်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)